ကလောမြို့နယ်၌ နွေရာသီအားကစားသင်တန်းဖွင့်လှစ်

ကလော မတ် ၂

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လမ်းညွှန်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၄ ခုနှစ် နွေရာသီ အားကစားသင်တန်းကို ယမန်နေ့နံနက်  ၁၀ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ် အားကစားကွင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အမျိုးသားအားကစား အဆင့်အတန်းတိုးတက်မြင့်မားရေးနှင့်အောင်မြင်မှုများ ယခုထက်ပိုမိုရရှိစေရေး၊ ဇွဲ၊ လုံးလ၊ ဝီရိယ၊ အားမာန်အပြည့်ရှိပြီး ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားလူငယ်များ စဉ်ဆက်မပြတ်ပေါ်ထွက်လာစေရေး၊ နွေရာသီကျောင်းအားလပ်ရက်များတွင် ကျောင်းသား/ကျောင်းသူများ အားကစားကိုပိုမိုစိတ်ပါဝင်စားလာစေရန်နှင့် နိုင်ငံတော်၏ အားကစားမြှင့်တင်ခြင်းလုပ်ငန်းကို တစ်ဖက်တစ်လမ်းမှအထောက်အကူပြုစေရန် ရည်ရွယ်ချက်ဖြင့် နွေရာသီအားကစားသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ အဆိုပါသင်တန်းတွင် မြန်မာ့သိုင်း၊ ဘောလုံး၊ စာပွဲတင်တင်းနစ်၊ တိုက်ကွမ်တို၊ လက်ဝှေ့ စသည့် အားကစားနည်းများကို ကျွမ်းကျင်သောနည်းပြများဖြင့် မတ်လ(၁)ရက်နေ့မှ မတ်လ(၁၅)ရက်နေ့အထိ မြို့နယ်အားကစားကွင်း၌ အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း၊ အားကစားသင်တန်းသို့ သင်တန်းဖွင့်လှစ်သည့်နေတွင် သင်တန်းသား/သင်တန်းသူ (၁၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသည့် သင်တန်းသားများအား T-Shirt အင်္ကျီတစ်ထည်စီပံ့ပိုးပေးခဲ့ကြောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်ကျော့ကေခိုင်ထွန်းထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)