ချောက် မတ် ၁
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ နွေရာသီကျောင်းပိတ်ရက်ကာလ ကျောင်းသား၊ ကျောင်းသူများအား အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကလေးငယ်များ အသိပညာဗဟုသုတများ တိုးပွားပြီး ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် အခြေခံပန်းချီရေးဆွဲနည်းနှင့် အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းနွမ်ခမ်းခေါင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အင်္ဂလိပ်စာသင်တန်းပို့ချမည့် "အောင်ပြည့်သာပညာရေးစင်တာ"မှ ဆရာမဒေါ်မွန်မွန်ကိုနှင့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းပို့ချမည့် ပန်းချီဆရာ ဦးတင်အောင်မိုးတို့က သင်တန်းတွင် သင်ကြားပို့ချပေးမည့် သင်ခန်းစာများနှင့်ပတ်သက်၍ အသီးသီး ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် နွေရာသီကာလများတွင် ဖွင့်လှစ်ပေးခဲ့သည့် သင်တန်းပို့ချမှုပုံရိပ်များအား Projector ဖြင့် ပြသပေးခဲ့သည်။
ယင်းနောက် သင်တန်းတက်ရောက်လာသည့် သင်တန်းသား ကျောင်းသား/ ကျောင်းသူများအား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းနွမ်ခမ်းခေါင်နှင့် အဖွဲ့ဝင်များက သင်တန်းအထောက်အကူပြု ဗလာစာအုပ်နှင့် ခဲတံများအားလည်းကောင်း၊ ကောင်းကင်မုန့်တိုက်မှ ပဲကိတ်မုန့်များအားလည်းကောင်း အသီးသီးလှူဒါန်းပေးခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ဆုဆုဇင်နှင့် ဝန်ထမ်းများက သင်တန်းသား ကျောင်းသား/ကျောင်းသူများနှင့် အခမ်းအနားတက်ရောက်လာသူများအား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့သည်။
ထို့နောက် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းအား ဆက်လက်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း အား အပတ်စဥ် ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တိုင်း နေ့စဥ်မွန်းလွဲ ၂ နာရီမှ ညနေ ၃နာရီခွဲ အထိလည်းကောင်း၊ အင်္ဂလိပ်စာသင်တန်းအား အပတ်စဥ် တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဥ်မွန်းလွဲ ၁၂ နာရီမှ ၁ နာရီခွဲအထိလည်းကောင်း ဖေဖော်ဝါရီ ၂၉ ရက်နေ့မှစ၍ ဧပြီ ၁၂ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)