ဓနုဖြူ မတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထိုင်းနိုင်ငံ၊ လူထုဖွံ့ဖြိုးရေးဦးစီးဌာန၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ထောက်ပံ့ရန်ပုံငွေဖြင့် ဓနုဖြူမြို့နယ် အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရိုးကြီးကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးလက်ဒေသရှိ အခြေခံအိမ်ထောင်စုများ၏ အသက်မွေးဝမ်းကျောင်းမြှင့်တင်ရေး" စီမံကိန်းမိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ရိုးကြီးကျေးရွာရှိ ရွှေဘုံသာ ဓမ္မရိပ်သာ ကျောင်းတိုက်၌ ကျင်းပသည်။
အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ဇောဟိန်းက စီမံကိန်းအကြောင်းမိတ်ဆက် ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန်က စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဥ်များအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ကျေးရွာကော်မတီဝင်များမှ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူခဲ့ကြကြောင်း သိရသည်။
အဆိုပါကျေးလက်ဒေသရှိ အခြေခံအိမ်ထောင်စုများ၏ အသက်မွေးဝမ်းကျောင်းမြှင့်တင်ရေး စီမံကိန်းဖြင့် ရိုးကြီးကျေးရွာရှိ အခြေခံအိမ်ထောင်စု(၁၄)စုအား စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်လည်းကောင်း၊ အိမ်ထောင်စု(၁၆)စုအား မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်လည်းကောင်း၊ မျိုး၊ သွင်းအားစုများထောက်ပံ့ခြင်း၊ နည်းပညာ အထောက် အပံ့ပေးခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများပို့ချခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စီမံကိန်းထောက်ပံ့ငွေမှာ အမေရိကန် ဒေါ်လာ ၁၀၀၀၀ ဖြင့် ကျခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းဆောင်ရွက်ခြင်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခြင်းကြောင့် ဆင်းရဲမှုလျှော့ချလာစေခြင်း၊ သက်ဆိုင်သူ များနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်မည့် အိမ်ထောင်စု (၁၄)စုနှင့်၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်မည့် အိမ်ထောင်စု(၁၆)စု နေအိမ်များသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ တာဝန်ရှိအကြီး အကဲများမှ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)