ချောက်မြို့နယ်ရှိ မြို့​ပေါ်ရပ်ကွက်များတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ချောက် မတ် ၁

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ဒေသခံပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ချက်များနှင့်ပတ်သက်၍ သိရှိနားလည်သဘောပေါက်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက၊ အမှတ်(၈) ရပ်ကွက်ဓမ္မာရုံနှင့် အမှတ်(၁၂)ရပ်ကွက်ဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး​ဆွေး​နွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးတင်ထွန်းဦးက ကောလာဟလသတင်းများနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များ၊ စစ်မှုထမ်းဥပဒေဆိုင်ရာ သိသင့်သိထိုက်သည့်အချက်များကိုလည်း​ကောင်း၊ ဒုမြို့နယ်ဥပဒေအရာရှိ ဦးအာကာကျော်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် အကျိုးခံစားခွင့်များ၊ ဥပဒေလုပ်ထုံးလုပ်နည်းများကိုလည်းကောင်း၊ ဒုလဝကမှူး ဦးသန်းစိုးက ပြည်ပထွက်ခွာခွင့်များနှင့်ပတ်သက်၍ ခွင့်ပြုပေးနေမှုအပိုင်းများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များကို တက်ရောက်လာသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် ရပ်ကွက်နေပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)