ပွင့်ဖြူ မတ် ၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပသည့် ပြည်သူ့စစ်မှုထမ်း ဥပဒေအသိပညာပေးဆွေးနွေးပွဲကို မတ် ၁ ရက်၊ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ချက်များနှင့်ပတ်သက်၍ ပြည်သူလူထုကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်သဘောပေါက်စေရန်နှင့် ပူးပေါင်းပါဝင်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးပွဲများကို ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းပြီး အရှိန်အဟုန်မပျက်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအနေဖြင့် သိရှိလိုသည်များရှိပါက ပါဝင်ဆွေးနွေးနိုင်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်နော်အယ်နီးထာစိုးက ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းချက်များနှင့်စပ်လျဉ်း၍ စစ်မှုထမ်းရမည့်အသက်အရွယ်အပိုင်းအခြား သတ်မှတ်ထားမှု၊ စစ်မှုထမ်းဆောင်ရန်အချိန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသည့်အချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် အကျိုးခံစားခွင့်များ၊ ဥပဒေလုပ်ထုံးလုပ်နည်းများ၊ ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းပိုင်စိုးက လူမှုကွန်ယက်စာမျက်နှာများတွင် ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် တပ်မတော်မှ အတင်းအဓမ္မပေါ်တာဆွဲခြင်း၊ ဖမ်းဆီးခြင်းများ စသည့် ရေးသားဖော်ပြချက်များမှာ လုပ်ကြံရေးသားသည့် သတင်းတု၊ သတင်းမှားမျာသာဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အတင်းအဓမ္မပေါ်တာဆွဲခြင်း၊ ဖမ်းဆီးခြင်းများမရှိကြောင်း ဆွေးနွေးပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးဝင်းဦးက ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နေ့ညမပျက် လှည့်ကင်းပတ်ကင်းများဖြင့် လုံခြုံရေးဆောင်ရွက်နေမှုအခြေအနေများ၊ အကြမ်းဖက်ဖောက်ခွဲဖျက်စီးမှုများ မရှိစေရေးအတွက် အကြမ်းဖက်ဖောက်ခွဲဖျက်စီးသူများကို စိစစ်ဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် မြို့မိမြို့ဖများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)