တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများအား တွေ့ဆုံ အားပေးခြင်းအခမ်းအနားကျင်းပ

ဖလမ်း မတ် ၁

ဖလမ်းမြို့နယ်အတွင်းတက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့်ကျောင်းသား/သူများအား တွေ့ဆုံအားပေးခြင်း အခမ်းအနားကို မတ်လ ၁ ရက်၊ နံနက် ၉ နာရီအချိန်က ဖလမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပရာဖလမ်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝင်းဇော်လတ်နှင့် အဖွဲ့ဝင်များ တက်ရောက်အားပေး ချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားတွင် ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်းကအားပေးစကား ပြောကြားပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် G-12 ကျောင်းသား/သူ(၉၂)တို့အား တစ်ဦးလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ကျပ်ကိုးသိန်းနှစ်သောင်းတိတိကို ဖလမ်းခရိုင် စီမံအုပ်ချုပ်​​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောင့်ရေးအသင်း တာဝန်ရှိသူများက ထောက်ပံ့ငွေများပေးအပ်ချီး မြှင့်ခဲ့ကြသည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဦးဟုမ်ဇထန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဖလမ်းမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင် နှစ်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် (G-12)ကျောင်း သား/သူများ အ.ထ.က(၁)ကျောင်းတွင်(၈)ဦး၊ အထက(၂)ကျောင်းတွင်(၂၂)ဦး၊ အ.ထ.က(၃)ကျောင်းတွင်(၃)ဦးနှင့် အလွတ်ဖြေဆိုမည့် ကျောင်းသား/သူ(၅၉)ဦး စုစုပေါင်း(၉၂)ဦးရှိကြောင်း သိရသည်။

ရဲမြင့်အောင်