အထက်မင်းလှ မတ် ၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ဂျင်းရဲမြောင်ကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်နှင့် ဌာနဆိုင်ရာများမှ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီခွဲက ကျေးရွာဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မြန်မာနိုင်ငံ၌ ၁၉၅၉ ခုနှစ် မတ်လ (၁၁)ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းအက်ဥပဒေအမည်ဖြင့် ပြဋ္ဌာန်းကာ အဆိုပါ အက်ဥပဒေကို (၁၉၆၂) ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှာ စတင်အာဏာတည်ပြီး၊ ၂၀၁၀ပြည့်နှစ်၌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၁၉၅၉ ခုနှစ်၊ ပြည်သူ့စစ်မှုထမ်းအက်ဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့် ရုပ်သိမ်းခဲ့ပြီး ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ(၄)ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေသစ်ကို ထပ်မံပြဌာန်းခဲ့ကြောင်းနှင့် (၁၀-၂-၂၀၂၄)ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းဆောင်ရွက်ခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမြတ်သူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သန်းတို့က ပြည်သူ့စစ်မှုထမ်းဥပဒေပါပြဋ္ဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်ဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းစနစ်ကျင့်သုံးရသည့် အကြောင်းအရင်းများ၊ ပြည်သူ့စစ်မှုထမ်းတို့၏ အကျိုးခံစားခွင့်များ၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ စသည်တို့အား ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ ယင်းနောက် ဆွေးနွေးပွဲတက်ရောက်လာသူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)