နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အင်္ဂလိပ်စာအခမဲ့သင်တန်း ဖွင့်လှစ်

နတ်မောက် မတ် ၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ အင်္ဂလိပ်စာအခမဲ့သင်တန်း ဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အင်္ဂလိပ်စာအခမဲ့သင်တန်းဖွင့်ပွဲတွင် မြိုု့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/သူများ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် အင်္ဂလိပ်စာဘာသာရပ်ကို အခြေခံကျသည့်သဒ္ဒါပိုင်းများ ကျွမ်းကျင်ပိုင်နိုင်စွာရေးနိုင်၊ ဖတ်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်ကြားရေးတွင် အချိန်မှန်လာရောက်သင်ယူကြစေလိုကြောင်း စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အင်္ဂလိပ်စာနည်းပြဆရာမ ဒေါ်ချိုချိုသင်းက ကျောင်းသား/သူများဖြင့် အပြန်/အလှန်အင်္ဂလိပ်စာများ မေးမြန်းဆွေးနွေးခဲ့ပြီး အင်္ဂလိပ်စာသင်ယူရာတွင် အချိန်မှန်မှန်သင်ယူကြစေရန် ရှင်းလင်းပြောကြားခဲ့သည်။ နတ်မောက်မြို့ အင်္ဂလိပ်စာအခမဲ့သင်တန်းတွင် မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/သူ (၂၀)ဦး လာရောက်တက်ရောက်ခဲ့သည်။

နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုုဗဟိုဌာန (Community Centre) တွင် ဒေသခံပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် အသိပညာပေး Talk Show များ၊ ကွန်ပျူတာသင်တန်းများ၊ စာဖတ်ဝိုင်းများ စာအုပ်စာစောင်ပြပွဲများနှင့် ပြိုင်ပွဲများဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိထံမှ သိရသည်။

လှဝင်း