မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး ဧရာဝတီမြစ်ကြောင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် ဧရာဝတီတံတား(မကွေး)အောက် ရေလမ်းကြောင်း ‌ဆောင်ရွက်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

မကွေး မတ် ၁

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးသည် ဖေဖော်ဝါရီလ ၂၉ ရက်နေ့က မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်၊ မကွေးတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်သူဝင်းတို့နှင့်အတူ ဧရာဝတီမြစ်ကြောင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် ဧရာဝတီတံတား(မကွေး)အောက် ရေလမ်းကြောင်း ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးက ဧရာဝတီတံတား(မကွေး)၏တောင်ဘက် သဲသောင်ခုံအား အလျား (၁၉၈၀)ပေ၊ အောက်ခြေအကျယ်ပေ (၅၀)နှင့် ရေစစ်မျဉ်းအောက် (၆ ဒသမ ၅)ပေ အနက်ရှိ ရေစီးကြောင်းတစ်ခုအဖြစ် သဲစုပ်သောင်တူးနေခြင်းလုပ်ငန်းကိုလည်းကောင်း၊ တံတားကြီးအောက်ရှိ ရေလမ်းကြောင်းပေးထားသော ရေလယ်တိုင် P-16 နှင့် P-18 အကြား ရေကြောင်းအနေအထားနှင့် တံတားအထူးအဖွဲ့ (၃)မှ ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် တိုင်ခြေကြံ့ခိုင်မှုအတွက် ပြုပြင်ပြီးခဲ့သော ရေလယ်တိုင် P-17 နှင့် P-18 တို့ကိုလည်းကောင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် အကောက်စခန်း၏ ယခုဘဏ္ဍာရေးနှစ် (၁၀)လအတွင်း ရေယာဉ်ဖြတ်သန်းမှုနှင့် ဝင်ငွေရရှိမှုအခြေအနေတို့ကိုလည်းကောင်း ကြည်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဧရာဝတီမြစ်အတွင်း ရေယာဉ်များသွားလာနိုင်သည့် ရေလမ်းကြောင်းမှာ မြစ်အကျယ်၏ (၅)ပုံ (၁)ပုံခန့်သာရှိပြီး ရေစတင်မြင့်တက်လာနိုင်သော ဧပြီလမတိုင်မီအတွင်း လက်ရှိပြုပြင်ထိန်းသိမ်းနေမှုအရ ပုံမှန်ဆက်လက်အသုံးပြုသွားနိုင်မည်ဖြစ်ကြောင်းနှင့် သဲစုပ်သောင်တူးခြင်းလုပ်ငန်းမှာ (၈၀%)ကျော်ခန့်ပြီးစီး၍ ရာနှုန်းပြည့်ပြီးစီးပါက မကွေးမြို့ စည်ပင်သာယာရေးအဖွဲ့၏ မြစ်ရေတင်ရေပေးဝေမှုအား နွေရာသီကာလအတွင်း အထောက်အပံ့ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)