ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဒေသခံပြည်သူများ သား/ငါး ဝယ်ယူစားသုံးမှု အဆင်ပြေစေရန်အတွက် သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိ ကြပ်မတ်စစ်ဆေး

ပွင့်ဖြူ မတ် ၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဒေသခံပြည်သူများ သား/ငါးဝယ်ယူစားသုံးမှု အဆင်ပြေစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နယ်နိမိတ်အတွင်းရှိ ပွင့်ဖြူမြို့မဈေးအပါအဝင် ကျေးလက်စည်ပင်သာယာဈေး (၄)ခုတွင် (ဝက်၊ အမဲ၊ ဆိတ်)လိုင်စင်စီများမှ သားငါးများရောင်းချရာ၌ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက သားငါးဈေးသည်များ သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့မဈေးနှင့် ကုန်းဇောင်း၊ ရှောက်တော၊ လယ်ကိုင်း၊ ကျောင်းတော်ရာကျေးရွာရှိ ကျေးလက်စည်ပင်သာယာဈေးများမှ ဈေးကော်မတီဝင်များနှင့် ပူးပေါင်းပြီး ဒေသခံပြည်သူလူထုစားသောက်ရေး အဆင်ပြေစေရန်နှင့် သား/ငါးများ ဝယ်ယူစားသုံးရာ၌ သက်သာသော ဈေးနှုန်းဖြင့် တစ်ပြေးညီ ဝယ်ယူစားသုံးနိုင်ရေးအတွက် သား/ငါး ဈေးဆိုင်ခန်းများအလိုက် ကွင်းဆင်းသွားရောက်ပြီး (ဝက်၊ အမဲ၊ ဆိတ်)လိုင်စင်စီများမှ သား/ငါးများ ရောင်းချရာ၌ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ၊ အရိုး /အသား၊ အဆီ/အရွတ်များ ရောနှော၍ ရောင်းချခြင်း ရှိ/မရှိနှင့် အလေးချိန်ခွင် မှန်ကန်မှု ရှိ/ မရှိ တို့ကို ကြပ်မတ်စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က စည်ပင်သာယာဈေးများအလိုက် (ဝက်၊ အမဲ၊ ဆိတ်)ရောင်းချနေသူများနှင့် ဈေးသူဈေးသားများကို စားသုံးသူပြည်သူလူထု အစားအစာဘေးကင်းလုံခြုံရေးအတွက် ရောင်းချနေသည့် သား/ငါးများနှင့် ဟင်းသီးဟင်းရွက်များ သန့်ရှင်းလတ်ဆတ်မှုရှိစေရေး၊ ဈေးဆိုင်ခန်းဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိရေး၊ နေ့စဉ် ဈေးရောင်းပြီးချိန်တိုင်း သန့်ရှင်းရေးမပြတ်ဆောင်ရွက်ကြရန်နှင့် သတ်မှတ်ထားရှိသည့် ဈေးစည်းကမ်းများကို အလေးထား လိုက်နာဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ )