မော်လမြိုင် မတ် ၁
မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့၊ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် စီးပွားရေးအရ အချက်အခြာကျသည့် နေရာတစ်ခုဖြစ်ပြီး ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်၍ ရေရှည်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးကို အထူးအလေးထားဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြည်နယ်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင် MSME လုပ်ငန်းများသည် အရေးပါဆုံး အခန်းကဏ္ဍတွင် ပါဝင်သဖြင့် အားပေးဆောင်ရွက်ကြရန် လိုအပ်သလို ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံသူများ ပါဝင်သည့် စီးပွားရေးအခြေခံကောင်းများ တည်ဆောက်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများပါဝင်သည့် စီးပွားရေးအခြေခံကောင်းများ တည်ဆောက်ပြီး တစ်ဖက်ကလည်း ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်နယ်အတွင်း ရင်းနှီးမြှပ်နှံမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရင်းနှီးမြုပ်နှံသူများ လုပ်သာကိုင်သာရှိစေရန်၊ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရန်နှင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်၊၊ ထို့နောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်မှ ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်းပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုချက်တင်ပြလာသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မွန်ပြည်နယ်အတွင်း ရာနှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်မှုဖြင့် ရာဘာသစ်ခွဲသားများ ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော Sen Hui Yuan International Co.,Ltd. ၏ အတည်ပြုမိန့်တွင် ရင်းနှီးမြှုပ်နှံသူအမည် ပြောင်းလဲပြင်ဆင်ခွင့်ပြုနိုင်ရန် တင်ပြခြင်းများအပေါ် ပြည်နယ်ဝန်ကြီးများနှင့် ကော်မတီဝင်များမှ ဖြည့်စွက်ဆွေးနွေတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း (၅၇) ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သန်းပေါင်း (၉၃၆၆၃၄.၇၃၆) နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (၃၈) ခု၊ အမေရိကန် ဒေါ်လာ (၅၁၃၆.၃၉၆) သန်းရှိနေပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၄၄၈၇) ဦး ရရှိကြောင်း သိရှိရပါသည်။
မွန်ပြည်နယ်အတွင်းသို့ အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/ ၂၀၂၄)ကို ယနေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း အသုံးပြုမည့် စက်သုံးဆီများကို အဆင်ပြေချောမွေ့စွာ တင်သွင်းဆောင်ရွက်သွားနိုင်ရေးနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချနိုင်ရန်အတွက် ကုမ္ပဏီများအနေဖြင့် စက်သုံးဆီများကို ပြည်ပမှ မှာယူနိုင်မည့်အခြေအနေ၊ တင်သွင်းရောက်ရှိလာသည့် စက်သုံးဆီများကို သိုလှောင်ထားရှိနိုင်မည့်အခြေအနေ၊ ပြန်လည်ဖြန့်ဖြူးရောင်းချပေးနိုင်မည့် အခြေအနေနှင့် ဆောင်ရွက်မည့်အစီအမံများ၊ Shipment Plan စီစဉ်ရေးဆွဲထားရှိမှုများကို ဆွေးနွေးတင်ပြကြစေလိုကြောင်း၊ စက်သုံးဆီဈေးနှုန်းများကို ရည်ညွှန်းဈေးနှုန်းများနှင့်အညီ ရောင်းချနိုင်ရေး ကြီးကြပ်ပေးကြရန်လိုအပ်ပြီး ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ဖြန့်ဖြူးရောင်းချခဲ့မှု အခြေအနေများအရ စက်သုံးဆီ (၁) ရက်လိုအပ်ချက်၊ စက်သုံးဆီမှာယူမှု၊ သိုလှောင်မှု၊ ဖြန့်ဖြူးမှု၊ လက်ကျန်အခြေအနေတို့ကို နေ့စဉ်စိစစ်ကြပ်မတ်ဆောင်ရွက်သွားခြင်းဖြင့် စက်သုံးဆီပြတ်လပ်မှု မဖြစ်ပေါ်စေရေး ဆောင်ရွက်ကြပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ် စစ်ဆေးရေးအရာရှိ ဦးသန်းထွေးက မွန်ပြည်နယ်အတွင်း စက်သုံဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းစဉ် (SOP) နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသော စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးမည့် ကုမ္ပဏီများ၏ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး မွန်ပြည်နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီဝင်များနှင့် ပြည်နယ်ဝန်ကြီးများမှ အကြုံပြုဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာအစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)