ကန့်ဘလူ မတ် ၁
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ရှိ မြို့မစျေးကြီး၌ မီးဘေးကြိုတင် ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီ ၂၉ ရက်မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးလွင်၊ မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ဌေးဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမိုးကျော်သူနှင့် တပ်ဖွဲ့ဝင်များ၊ လျှပ်စစ်အင်ဂျင်နီယာမှူး၊ မြို့မစျေးတာဝန်ခံနှင့်အဖွဲ့ဝင်များ၊ မြို့မစျေး အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မြို့မစျေးကြီးအတွင်းရှိ မီးသတ်ရေးငုတ်များ၊ အပေါ့စားမီးသတ်စက်များ၊ လျှပ်စစ်မီးကြိုးသွယ်တန်းထားခြင်းများ၊ မီးသတ်ကားဝင်ထွက်လမ်းကြောင်းများ စစ်ဆေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမိုးကျော်သူက စျေးသူစျေးသားများအား မီးသတ်ဆေးအသုံးပြုနည်း၊ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်း များနှင့်ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ခေတ်နှင့်အညီပြောင်းလဲလာသော မီးသတ်ပညာများကိုလည်း စဥ်ဆက်မပြတ် လေ့ကျင့်ပြင်ဆင်သင်ကြားပေးနေမှုများနှင့် မီးလောင်ရခြင်း အကြောင်းရင်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စျေးသူစျေးသားများအား မီးသတ်ဆေးဘူးဖြင့် လက်တွေ့ကိုယ်တိုင်မီးငြှိမ်း သတ်စေခြင်း၊ မီးငြှိမ်းသတ်ယာဥ်တို့ဖြင့် မီးငြှိမ်းသတ်နည်းများကို သရုပ်ပြသခဲ့ကြောင်း သိရသည်။ မြို့နယ်မီးသတ်ဦးစီးဌာနသည် ရပ်ကွက်များတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ဖွဲ့စည်းခြင်း၊ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ ရေ၊ သဲပြင်ဆင်ထားရှိမှုများ၊ စက်ရုံ၊ အလုပ်ရုံနှင့် စက်သုံးဆီ အရောင်းဆိုင်များတွင် မီးဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုများကို ကွင်းဆင်းစစ်ဆေးလျက်ရှိပြီး အခြေခံပညာကျောင်းများတွင် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်း၊ အသံချဲ့စက်ဖြင့် မီးဘေးအန္တရာယ် သတိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)