မုဒုံ မတ် ၁
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် အရေးပေါ်တုံပြန်မှုများဆိုင်ရာ Simulation exercise အဖြစ် အသိပညာပေးဟောပြောခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် တိရစ္ဆာန်မွေးမြူထားသော ခြံပိုင်ရှင်များကို တိရစ္ဆာန်များ၌ ဖြစ်ပွားလေ့ရှိသည့် ခွာနာ၊ လျှာနာရောဂါ၊ အရေပြားအကျိတ်နာရောဂါနှင့် အာဖရိကဝက်ပြင်းဖျားရောဂါ ကာကွယ်ရေးအကြောင်းကို အသိပညာပေးဟောပြောခြင်း၊ ရပ်ကွက်/ ကျေးရွာများအတွင်းရှိ မွေးမြူရေးခြံများသို့ သွားရောက်ပြီး ဝက်များအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပိုးသတ်ဆေးပက်ဖျန်းခြင်းများ၊ ကျွဲ၊ နွားလည်ချောင်းကွဲ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယပြည်နယ် ဦးစီးမှူး ဒေါက်တာတင်ဋ္ဌေးကြီးကြပ်မှုဖြင့် မော်လမြိုင်ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများက လိုက်လံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)