ချောင်းဆုံမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဆီထွက်သီးနှံ (နေကြာ) စိုက်ပျိုးခြင်းအတွက် သွင်းအားစုများပေးအပ်

ချောင်းဆုံ မတ် ၁

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ဆောင်းသီးနှံစိုက်ပျိုးသည့်တောင်သူများ ဆီထွက်သီးနှံနေကြာ ပိုမိုတိုးချဲ့စိုက်ပျိုး၍ ဒေသတွင်းစာသုံးဆီဖူလုံရန်နှင့် သီးနှံများအောင်မြင်ဖြစ်ထွန်း ဝင်ငွေတိုးစေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီထွက်သီးနှံ (နေကြာ) စီမံကိန်း ဆောင်ရွက်မည့်ကျေးရွာ (၁၁) ရွာရှိတောင်သူများအား သွင်းအားစုပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်လွင်က နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် ဆီထွက်သီးနှံ နေကြာစီမံကိန်းစိုက်ပျိုးဆောင်ရွက်သွားမည့် အခြေအနေများနှင့် သွင်းအားစု ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တောင်သူများမှ လုပ်ငန်းခွင်လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်ကျေးရွာ (၁၁) ရွာမှ တောင်သူ (၂၃၃) ဦးအား တာဝန်ရှိသူများက ဆီထွက်သီးနှံ (နေကြာ) စီမံကိန်း စိုက်ပျိုးဆောင်ရွက်မည့် ဧက (၁၀၀၀) အတွက် သွင်းအားစု ယူရီးယားဓာတ်မြေဩဇာ၊ ကွန်ပေါင်းဓာတ်မြေဩဇာနှင့် ရွက်ဖြန်းဆေးတို့အား ပေးအပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် ယခုနှစ်၌ ဆီထွက်သီးနှံ နေကြာ (၃၂၇၂) ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)