ရွာသစ် နို၀င်ဘာ ၃
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့၀င်နှင့် တာ၀န်ရှိသူများက ယမန် နေ့ ညနေပိုင််းက ရွာသစ်မြို့ ရပ်ကွက်များနှင့် ကျေးရွာများတွင် ကြိုတင် ဆန္ဒမဲပေး လုပ်ငန်းစဉ်များနှင့် မဲရုံအသုံးပြုမည့် နေရာ၊ အဆောက်အဦ နေရာများသို့ ဆောင်ရွက်ထားရှိမှု အခြေအနေများကို မြေပြင်ကွင်းဆင်း ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ မြေပြင် ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့၀င် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် ဦးစီးအရာရှိ ဦးအောင်ကျော်စိုး၊ မြို့နယ် ကော်မရှင် ဉက္ကဌ ဦးမြင့်ဦး၊ မြို့နယ် ပညာရေးမှူး ဦးငါးရယ်၊ မြို့နယ် ရဲတပ််ဖွဲ့မှူး ရဲမှူးနိုင်၀င်းနှင့် တာ၀န် ရှိသူများက ၂၀၂၀ ပြည့်နှစ် နို၀င်ဘာလ (၈)ရက် နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့အတွင်းရှိ အသက်(၆၀)နှင့်အထက် သက်ကြီးရွယ်အိုများ ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့် မဲရုံများ တွင် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/ မရှိ ကြည့်ရှု စစ်ဆေးပြီး အများပြည်သူ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် စီမံ ဆောင်ရွက်ရန် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
နန်းဆွေဆွေအေး (ပြန်/ဆက်)