ဒေသဆိုင်ရာ ဧည့်လမ်းညွှန်အခြေခံသင်တန်း အမှတ်စဉ်(၄၉) သင်တန်းဖွင့်ပွဲ ဟားခါး၌ကျင်းပ

ဟားခါး ဖေဖော်ဝါရီ ၂၅

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကူညီထောက်ပံ့မှုပေး၊ ချင်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ၏ကြီးကြပ်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်အခြေခံ သင်တန်းအမှတ်စဉ်(၄၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ဟားခါးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါလ်က ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေး၊ လူမှုစီးပွား ဘဝမြှင့်တင်ရေး၊ ချင်းပြည်နယ်ခရီးသွားလုပ်ငန်း စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ အတွက် ခရီးသွားဝန်ဆောင်မှု ပိုမိုကောင်းမွန်လာစေရေး၊ ချင်းပြည်နယ်၏ ခရီးစဉ်ဒေသ ဆိုင်ရာ အချက်အလက်များကို မှန်ကန်စွာ မျှဝေနိုင်စေရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးကို ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ၊ ချင်းပြည်နယ်သည် တောင်ကုန်း တောင်တန်းများနှင့် ဝန်းရံဖွဲ့စည်းထားပြီး အခြားသော ခရီးစဉ်ဒေသများနှင့် မတူညီသည့် သဘာဝအလှတရား သစ်ပင်၊ ပန်းပင်များ၊ မျိုးစုံသော ဇီဝမျိုးကွဲသစ်ဥသစ်ဖုများနှင့် ရှားပါးငှက်မျိုးစိတ်များ၊ လိပ်ပြာများနှင့်တောရိုင်း တိရစာ္ဆန်များအပြင် ဒေသခံချင်းလူမျိုးစုတို့၏ နေထိုင်မှုရိုးရာဓလေ့စရိုက်များ ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ၊ ဝတ်စားဆင်ယင်ပုံများ စသည့် ခရီးသွားဆွဲဆောင်မှုများကို ပိုင်ဆိုင်ထားသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ ခရီးသွားအရင်းအမြစ်များ ပေါကြွယ်ဝသည့် ချင်းပြည်နယ်ကို လာရောက်လည်ပတ်သည့် ခရီးသွား ဧည့်သည်များကို ပြည့်စုံတိကျမှန်ကန်သည့် သတင်းအချက်အလက်များ ဖြန့်ဖြူးပေးရမည် ဖြစ်သည့်အပြင် ချင်းပြည်နယ်သို့ ထပ်မံလာရောက်လည်ပတ်အောင် ကြိုးပမ်းသည့်နေရာတွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်များ၏ အခန်းကဏ္ဍသည် များစွာအရေးပါကြောင်း အမှာစကား ပြောကြားသည်။

ထို့နောက် ချင်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူး ဦးအောင်ဖြိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများနှင့် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါလ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ချင်းပြည်နယ်အတွင်းရှိ ဒေသခံသင်တန်းသား၊ သင်တန်းသူ ၈၄ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ယနေ့မှစ၍ မတ်လ ၂၀ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ကျော်စွာ(ပြန်/ဆက်)