ရွှေကျင် အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲတွင် မဲရုံတာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများအား ရွှေကျင်မြို့နယ် ရှမ်းကြေး ရပ်ကွက် အ-ထ-က (တပ်နယ်) ကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက မဲရုံဆိုင်ရာလုပ်ငန်းအဆင့်ဆင့်ကို သရုပ်ပြခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ မဲရုံခင်းကျင်းပြီး ဆန္ဒမဲပေးမည့် ပြည်သူများကို မဲရုံအတွင်းသို့ ဝင်လာသည်နှင့် ၆ ပေ အကွာ နေရာသတ်မှတ်ပေးခြင်း၊ နှာခေါင်းစည်းတပ်ဆင်စေခြင်း၊ လက်သန့်ဆပ်ပြာရည်ဖြင့် သန့်စင်ပြီးမှသာ ဆန္ဒမဲပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ မဲရုံဖွင့်လှစ်ခြင်း၊ မဲပေးပုံအဆင့်ဆင့်နှင့် မဲရုံပိတ်ခြင်း၊ ကြိုတင်မဲပုံးအားထားရှိခြင်းနှင့် ဖွင့်ဖောက်ခြင်း ခိုင်လုံမဲ/ ပယ်မဲများ စိစစ်ရွေးချယ်ခြင်းစသည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ကို သရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ရွေးကောက်ပွဲမဲရုံဆိုင်ရာ လုပ်ငန်းအဆင့်ဆင့် သရုပ်ပြသခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းရီ အတွင်းရေးမှူးနှင့် အဖွဲ့ခွဲဝင်များ သင်တန်းသား မဲရုံမှူးနှင့်ဒုတိယမဲရုံမှူးများ ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)