မုဒုံမြို့၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

မုဒုံ ဒီဇင်ဘာ ၂၂

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု အသက်မွေးပညာသင်တန်းကျောင်း (မုဒုံ)တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မုဒုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ဇော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၉) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မော်လမြိုင်)မှ ရဲအုပ်အောင်ကျော်ထူးက လူကုန်ကူးမှုအဓိပ္ပါယ်နှင့် လူကုန်ကူးမှုပြဿနာသည် လူသားအချင်းချင်း စာနာမှုကင်းမဲ့စွာ ခေါင်းပုံဖြတ် အမြတ်ထုတ်သော လူ့အခွင့်အရေးချိုးဖောက်မှုတစ်ရပ်ဖြစ်ကြောင်း၊ လူကုန်ကူးမှုများ လျော့နည်းပပျောက်စေရန်အတွက် ရှောင်ရန်အချက်များနှင့် လူကုန်ကူးမှုဆိုင်ရာအကြောင်းများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်ဝင်းသျှန္နီအေးက လူကုန်ကူးမှုဥပဒေများနှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်ကောင်း၊  အမှတ်(၇၇) ယာဉ်ထိန်းတပ်ဖွဲ့စု (မုဒုံ)မှ ရဲအုပ်နိုင်လင်းဖြိုးမှ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာ အကြောင်းအရာများလည်ကောင်း  အသိပညာပေး ဟောပြောသည်။

အဆိုပါ ဟောပြောပွဲသို့ မုဒုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ဇော်ဝင်းနှင့်တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်းနည်းပြဆရာမများ၊  သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သားငယ်(ပြန်/ဆက်)