မုံရွာ ဒီဇင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ မုံရွာစီးပွားရေးတက္ကသိုလ်၏ (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် အဆောင်(၁) အစည်းအဝေးခန်းမ၌ Online ဖတ်ခြင်းနှင့် ပင်မဆောင် ငွေရတုခန်းမတွင် Offline ဖတ်ခြင်းဟူ၍ နှစ်နေရာခွဲ၍ ကျင်းပပြုလုပ်ခဲ့သည်။
မုံရွာစီးပွားရေးတက္ကသိုလ်၏ (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို (၂၁.၁၂.၂၀၂၃ နှင့် ၂၂.၁၂.၂၀၂၃) နှစ်ရက်ခွဲ၍ ကျင်းပလျက်ရှိပြီး မုံရွာစီးပွားရေးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ ကလေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ကျောက်ဆည် တက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်၊ မိတ္ထီလာပညာရေး ဒီဂရီကောလိပ် စသည့် ပြည်တွင်းတက္ကသိုလ်များနှင့် အိန္ဒိယနိုင်ငံ မဏိပူတက္ကသိုလ်၊ အီတလီနိုင်ငံ Centro Studi di Politica Internazionale (CeSPI) နှင့် ဂျာမနီနိုင်ငံ Baden-Wuerttemberg Cooperative State University (DHBW) တို့မှ သုတေသနစာတမ်းရှင်များက Offline ၂၃ စောင်နှင့် Online ၂၁ စောင် ဖတ်သွားခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားများသို့ မုံရွာစီးပွားရေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ သင်ကြားရေးနှင့် စီမံဌာနများမှ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း (၄၅၀) ဦးခန့် တက်ရောက်ခဲ့သည်။
ခရိုင်(ပြန်/ဆက်)