တောင်ငူ ဒီဇင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် တောင်ငူခရိုင် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ အထူးကုပြင်ပလူနာဌာန၌ လစဥ် ၂၁ ရက်နေ့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၉)နာရီအချိန်က ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများသည် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဆေးပညာသမားတော်၊ အရေပြားအထူးကု၊ အကြောအဆစ်ပြန်လည်သန်စွမ်းရေး အထူးကု၊ ထိခိုက်ဒဏ်ရာနှင့် အရိုးအထူးကု၊ မျက်စိအထူးကု၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု၊ ခွဲစိတ်အထူးကုနှင့် သွားအထူးကု ဒေါက်တာများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည့် စမ်းသပ်စစ်ဆေးမှုများနှင့် ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာသို့ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လင်း၊ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ပြီး အာဟာရ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)