ကျောက်ဆည် ဒီဇင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စပါယ်တောကျေးရွာ တောင်သူဦးကျော်သိန်းစိုက်ပျိုးထားသော ကြက်သွန်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကြက်သွန်နီသီးနှံစိုက်ပျိုးရာတွင် သွင်းအားစုများပြီး ကုန်ကျမှုစရိတ်သည် ကြီးမားကြောင်း၊ ကြက်သွန်နီတစ်ဧကစိုက်ပျိုးမည်ဆိုပါက မျိုးစေ့(၃)ပြည်ပျိုးထောင်ရကြောင်း၊ ပျိုးပင်သက်တမ်း(၃၀)ရက်မှ (၄၅)ရက်တွင် ပြောင်းရွေ့စိုက်ပျိုးရကြောင်း၊ ပျိုးသက်တမ်းရင့်ပါက ထွက်နှုန်းနည်းပါးကြောင်း၊ ကုန်ကျမှုစရိတ်အနေဖြင့် မျိုးစေ့တန်ဘိုး၊ ပျိုးနုတ်ခြင်း၊ ပြောင်းရွှေ့စိုက်ပျိုးခြင်း၊ မြေပြင်ခြင်း၊ ရေသွင်းခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း၊ မှိုသတ်ဆေး၊ အပင်အားတိုးဆေး၊ မြေဩဇာနှင့် တူးဖော်သိမ်းဆည်ခြင်းစသည့် အထွေထွေကုန်ကျစရိတ်အဖြစ် တစ်ဧက ငွေကျပ်(၂၅)သိန်းမှငွေကျပ်(၃၀)သိန်းအထိ ကုန်ကျစရိတ်ရှိကြောင်း သိရသည်။
ကြက်သွန်နီသီးနှံသည် စိုက်ပျိုးပြီး(၃)လအကြာတွင် တူးဖော်ရောင်းချနိုင်ကြောင်း၊ ရာသီဥတုကောင်းမွန်ပြီး အပင်အပြုအစုကောင်းပါက မြေအမျိုးအစားအပေါ်မူတည်၍ တစ်ဧက(၂၅၀၀)ပိဿာမှ (၃၀၀၀)ပိဿာအထိ ထွက်ရှိကြောင်း၊ လုပ်သားအင်အားသုံ၍ စိုက်ပျိုးရပြီး ကြက်သွန်တစ်ပိဿာငွေကျပ်(၂၀၀၀)ဖြင့် ရောင်းချရသဖြင့် ကြက်သွန်စိုက်တောင်သူများနှင့် လုပ်သားများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်သော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)