ဟင်္သာတ ဒီဇင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း မြို့နယ်အဆင့်နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဟင်္သာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်သန်းဝင်းမှ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် စာပေတတ်မြောက်မှသာ အရာအားလုံး လေ့လာဆည်းပူးနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းနည်းပြ ဆရာ/မများအနေဖြင့် သင်တန်းပြီးဆုံးသည့်အခါ မိမိတို့တာဝန်ကျ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို အောင်မြင်အကျိုးရှိအောင် သင်ကြားဆောင်ရွက်ပေးစေလိုကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့်လည်း စာတတ်မြောက်ရေးလုပ်ငန်းအောင်မြင်ရေးအတွက် ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဆရာကြီးဦးတိုးဝင်းက စာတတ်မြောက်ရေး သင်တန်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် သင်တန်းကြီးကြပ်သူ (၁)ဦးမှ တိုင်းအဆင့်သင်တန်းတက်ရောက်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
အခမ်းအနားသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်သန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးဦးတိုးဝင်းနှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးညွှန့်ဆန်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းသား/သူများ စုစုပေါင်းအင်အား (၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး သင်တန်းအား ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ ဆရာ/ဆရာမ(၁၆၈)ဦးတို့အား သင်တန်းသား/သူများအဖြစ် ၂၁.၁၂.၂၀၂၃ရက်နေ့မှ ၂၃.၁၂.၂၀၂၃ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)