ပဲခူး ဒီဇင်ဘာ ၂၂
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းသည် ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့နယ် ရွာသစ်ကျေးရွာတွင် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၂)ဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများအား တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်ညိုညိုဝင်းသည် ရွာသစ်ကျေးရွာခန်းမဆောင်၌ ဌာနဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ကျေးရွာသူ/သားများနှင့် မဲခေါင်-လန်ချန်းစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်ပတ်သက်၍ တွေ့ဆုံအမှာစကားပြောကြားပြီး ပဲခူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဆန်းမင်းက RBF စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား အသက်မွေးဝမ်းကျောင်းအစုအဖွဲ့(၈)ဖွဲ့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ သမဝါယမအသင်းဖွဲ့စည်းမှုအနေဖြင့် စိမ်းလန်းစိုပြေစိုက်ပျိုးရေးသမဝါယမအသင်းအား အသင်းသာ(၉)ဦးဖြင့်ဖွဲ့စည်းထားရှိမှု၊ ခိုင်သဇင်မွေးမြူရေးသမဝါယမအသင်းအား အသင်းသား(၃၁)ဦးဖြင့်ဖွဲ့စည်းထားရှိမှုများနှင့်ပတ်သက်၍လည်းကောင်း၊ ပဲခူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမင်းမင်းသိမ်းက တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအားလည်းကောင်း၊ ရွာသစ်ကျေးရွာအုပ်ချုပ်ရေးမှူးမှ ကျေးရွာအတွင်းလိုအပ်နေသော ဖွံ့ဖြိုးရေးလုပ်ငန်းများအားလည်းကောင်းတင်ပြခဲ့ကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် မဲခေါင်-လန်ချန်းစီမံကိန်းဖြင့်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်းတံတားလုပ်ငန်း၊ ကျေးလက်ရေရရှိရေးလုပ်ငန်း၊ ကျေးရွာတွင်းလမ်း ဂဝံခင်းလုပ်ငန်း၊ Green House စနစ်ဖြင့် သီးနှံစိုက်ခင်းများ၊ RBF ကျေးလက်စီးပွားမြင့်မား ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း စီမံကိန်းရန်ပုံငွေဖြင့်ဆောင်ရွက်သည့် စိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)