မုံရွာ ဒီဇင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရအနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအား ကျယ်ကျယ်ပြန့်ပြန့် ပိုမိုပါဝင်ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီကို ယခင်အဖွဲ့ဝင် (၁၂)ဦးမှ ယခုအဖွဲ့ဝင် (၂၀)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ပြည်ထောင်စုမှ MSME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညွှန်ကြားချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ MSME လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် တိုင်းဒေသကြီးအတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် MSME လုပ်ငန်းရှင်များ အတူတကွ ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း MSME လုပ်ငန်းများအား ရာခိုင်နှုန်းပြည့် အကောင်အထည် ဖော်နိုင်ရေးအတွက် ပိုမိုတိုး တက်ပြည့်စုံကောင်းမွန်အောင် တာဝန်ရှိသူအားလုံးမှ ကြိုးပမ်းဖြည့်ဆည်းဆောင်ရွက် ပေးသွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများဖြင့် MSME လုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းများကိုလည်း ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် တာဝန်ရှိသူများမှ စနစ်တကျ စီမံဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မေခရို စီးပွားရေးအခြေအနေအပေါ် အကြံပြုချက်များမှ ကာလတို (၆)လအတွင်း ကာလလတ် (၁၈)လအတွင်း ဆောင်ရွက်သင့်သည့် အချက်များ၊ ကုန်ထုတ်လုပ်မှုတိုးတက်ရေး၊ ပို့ကုန်တိုးမြှင့်နိုင်ရေး၊ ထွက်ကုန်အရည်အသွေးများ တိုးတက်ကောင်းမွန်ရေး၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးတို့နှင့်ပတ်သတ်၍ တိုင်းဒေသကြီးအေဂျင်စီမှ သိရှိလိုက်နာဆောင်ရွက်၍ ဗဟိုအေဂျင်စီသို့ ဆောင်ရွက်မည့်အစီအစဉ်များ ပြန်လည်တင်ပြနိုင်ရန်အတွက် ယခု MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းမှ တာဝန်ရှိသူများမှ ပွင့်လင်းစွာဖြင့် ဆွေးနွေးတင်ပြသွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးမှ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ပြင်ဆင်ဖွဲ့စည်းခြင်းအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့၏ဌာနများအလိုက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း၌ လုပ်ကိုင်ဆောင်ရွက်နေသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအား Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌတို့မှ မိမိတို့ ခရိုင်များအတွင်းရှိ မြို့နယ်များ၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက တိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီး အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ အကြို ဗိုလ်လုပွဲစဉ်အဖြစ် လူမှုရေးရာဝန်ကြီးဌာန-၁ အသင်းနှင့် စည်ပင်သာယာရေးအဖွဲ့အသင်းတို့ ယှဉ်ပြိုင်ကစားနေမှု အား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)