ပေါင်းတည် ဒီဇင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံ၌ ၁၃ ကြိမ်မြောက် အငြိမ်းဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ယခုလ ၂၁ ရက် နံနက် ၈နာရီတွင် ဆက်လက်ဆောင်ရွက်ကြကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ပဲခူးတိုင်းဒေသကြီးအစိုးရမှ ဦးဆောင်မှု၊ ညွှန်ကြားမှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့၏ စီမံမှုတို့ဖြင့် ကျန်အငြိမ်းစားဝန်ထမ်းဟောင်းများကို ယခုလအတွက် ဆက်လက်ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုကျန်းမာရေးစောင့်ရှောက်မှု၌ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးဒေါ်သန်းသန်းချစ်က အနီးကပ်ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းဟောင်းများအား ကျန်းမာရေးစမ်းသပ်စစ်ဆေးပေးခြင်း၊ လိုအပ်သည့် ဆေးဝါးများထောက်ပံ့ပေးခြင်းနှင့်ကျန်းမာရေးလေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်းများကို ဆောင်ရွက်ပေးကြကြောင်း သိရသည်။
ယနေ့တွင် မြို့ပြအငြိမ်းစားဝန်ထမ်း ၈၀ဦး၊ ကာကွယ်ရေးအငြိမ်းစား ၅ ဦး၊ နိုင်ငံရေးအငြိမ်းစားဝန်ထမ်း ၆ ဦးကို ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြပြီး အစောင့်ရှောက်ခံအငြိမ်းစားဝန်ထမ်းသစ် ၇ဦးနှင့် အစောင့်အရှောက်ခံအငြိမ်းစားဝန်ထမ်းဟောင်း ၇၄ ဦးတို့ဖြစ်ကြောင်း၊ ကျား ၄၇ဦး၊ မ ၄၄ဦးဖြစ်ကြောင်း၊ ယနေ့တွင် စုစုပေါင်း ၉၁ဦးအား ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ခဲ့ကြကြောင်း သိရသည်။
ထိုစောင့်ရှောက်မှုလုပ်ငန်းကို ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၂၂ ရက်မှ စတင်၍ လစဉ်ဆောင်ရွက်ခဲ့ရာ ယခုလဆောင်ရွက်မှုသည် ၁၃ကြိမ်မြောက်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
သူရကြီး (ပြန်/ဆက်)