ညောင်လေးပင်မြို့နယ် ပြည်သူ့ဆေးရုံတွင်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေး

ညောင်လေးပင် ဒီဇင်ဘာ၂၂

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုအရ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား လစဉ်ပင်စင်ထုတ်ယူသည့်နေ့ ၂၁ ရက်နေ့တိုင်းကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာ စောကလျာဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းများအား၊ ဆီးချိုသွေးချိုတိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့်‌ ဖြစ်ပွားနေ‌သည့် ရောဂါများ အလိုက်စမ်းသပ်စစ်ဆေးပေးပြီး လိုအပ်သောဆေးဝါးနှင့် ကုသခြင်းများကို(အခမဲ့) ၁၄၅ ဦး ကုသေဆောင်ရွက်စစ်ဆေးပေးခဲ့သည်။

အဆိုပါကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့၀င်များ၊ ခရိုင်ရဲတပ်ဖွဲမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ လာရောက်အားပေးကူညီခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)