အီလက်ထရောနစ်ကျန်းမာရေးသတင်းစနစ်(DHIS-2 Software)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၊ သင်တန်းခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက အီလက်ထရောနစ်ကျန်းမာရေးသတင်းစနစ် (DHIS-2 Software)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူးဒေါက်တာသီဟက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စီမံကိန်းရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် စိစစ်သုံးသပ်ခြင်းစသည့်လုပ်ငန်းစဥ်များတွင် သတင်းအချက်အလက်များကို အခြေခံဆောင်ရွက်ရသည့်အတွက် သတင်းအချက်အလက်မှန်ကန်ရေးနှင့် အချိန်မီရရှိရေးတို့သည် အလွန်အရေးကြီးကြောင်း၊ တိကျမှန်ကန်သည့်သတင်းအချက်အလက်အပေါ်အခြေခံပြီး စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်မှသာ ပြည်သူလူထုအတွက် အမှန်တကယ်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်မည်ဖြစ်ကြောင်း၊ ယခုအခါတွင် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းနှင့် ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်တို့မှ DHIS-2 ကို National Reporting Platform အဖြစ် အသုံးပြုတော့မည်ဖြစ်သောကြောင့် မြို့နယ်များတွင်လည်း DHID-2 တွင် TB/HIV နှင့်ပတ်သက်သော အချက်အလက်များကို မှန်ကန်စွာဖြည့်သွင်းတတ်ရန်အတွက် TB/HIV/HMID ဌာနများ ပူးပေါင်းပြီး Intergreated Training ပေးရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာသီဟသည် သင်တန်းဆရာများ၊ သင်တန်းသား/သူနှင့်မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ အီလက်ထရောနစ်ကျန်းမာရေးသတင်းစနစ် (DHIS-2 Software) သင်တန်းအား ဒီဇင်ဘာလ(၂၁)ရက်နေ့မှ (၂၃)ရက်နေ့အထိဖွင့်လှစ်မည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ကျန်းမာရေးသတင်းအချက်အလက်တာဝန်ခံများ၊ HIV သတင်းအချက်အလက်တာဝန်ခံများနှင့် TB သတင်းအချက်အလက်တာဝန်ခံများ စုစုပေါင်းသင်တန်းသား/သူ (၁၇၀)ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)