လက်ပံတန်း ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား ကျန်းမာတက်ကြွသောလူကြီးဘဝရရှိစေရေး အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းကို မြို့နယ် ပြည်သူ့ဆေးရုံ၌ ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ တင်ဇော်ဝင်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ အခြေခံရောဂါ ရှာဖွေစမ်းသပ်စစ်ဆေးခြင်း၊ ကြိုတင်ရောဂါ ရှာဖွေခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ ကိုယ်အလေးချိန်နှင့်အရပ်တိုင်းတာပေးခြင်း၊ ဆီးချို သွေးချိုတိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်းများပြုလုပ်ပေးပြီး လိုအပ်သောဆေးဝါးနှင့် ကုသခြင်းများကို(အခမဲ့) စစ်ဆေးကုသ ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့်အဖွဲ့ဝင်များမှ လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် လစဉ် (၂၁)ရက်နေ့တိုင်း အငြိမ်စားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးရာ ယနေ့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၆၅)ဦးကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာ ရေး ဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)