မော်လမြိုင် ဒီဇင်ဘာ ၂၁
မွန်ပြည်နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရ အဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး မျိုးဆွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီဝင်များ၊ သင်တန်းသား/သူများ တက်ရောက်သည်။
အခမ်းအနားတွင် မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး မျိုးဆွေက အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက ပုံမှန်ဖွင့်လှစ်နေသည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများအပြင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းသင်တန်းများကိုပါ တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းများ ရောင်းလိုအား မြင့်တက်နိုင်ရန် အရည်အသွေးပြည့်မီသော ထုတ်ကုန်များ ထုတ်လုပ်နိုင်စေရန်အတွက်လည်းကောင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားတတ်မြောက်စေပြီး အမှန်တကယ်လုပ်ငန်းထူထောင်နိုင်ရန် လိုပါကြောင်း၊ ဒေသထွက်ကုန်ကြမ်းများမှ ကုန်ချောအဖြစ် ပြောင်းလဲ၍ ဒေသခံပြည်သူလူထုမှ သုံးစွဲရသဖြင့် သွင်းကုန် အစားထိုး နိုင်ခြင်း၊ ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် သုံးစွဲနိုင်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်း သော ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ခြင်း၊ မိသားစုဝင်ငွေ တိုးပွားလာခြင်းကြောင့် လူနေမှုဘဝမြင့်မားလာပြီး နိုင်ငံတော်အတွက် ကောင်းမွန်သော မျိုးဆက်သစ်လုပ်ငန်းရှင်များ မွေးထုတ်ပေးနိုင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးမျိုးဆွေနှင့် တာဝန်ရှိသူများက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း သုံးပစ္စည်းများအား လုပ်ငန်းထူထောင်မည့်သူ သင်တန်းသား/သူ (၁၀) ဦးထံပေးအပ်ခဲ့ပြီး လုပ်ငန်းထူထောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ သည်။
ဆက်လက်၍ တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများနှင့် အမှတ်တရဓာတ်ပုံ ရိုက်ကူး၍ အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)