ကျိုက်လတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အဋ္ဌမ အကြိမ်မြောက် သာသနပါလနန္ဒဝန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ မြတ်ဆရာပူဇော်ပွဲ နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ

ကျိုက်လတ် ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အဋ္ဌမအကြိမ်မြောက် သာသနပါလနန္ဒဝန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ မြတ်ဆရာပူဇော်ပွဲနှင့် ပညာရည်ချွန် ဆုပေးပွဲကိုယနေ့နံနက် (၈) နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး အုပ်ချုပ်သူဆရာတော်ကြီး(၂)ပါးအား ပူဇော်ကန်တော့ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းရာ ဆရာတော်ကြီး ဘဒ္ဒန္တဦးကောသလ္လမဟာထေရ်မြတ်က ဆုံးမဩဝါဒစကား ပြောကြားခဲ့ပြီး တာဝန်ခံကျောင်းအုပ်ဆရာကြီးက အလှူရှင်များအား ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ ကျောင်းသားတစ်ဦးမှ ကန်တော့ခံဆရာကြီးနှင့်ဆရာ၊ ဆရာမများအား ဆရာကန်တော့ချိုးဖြင့်ရွတ်ဆိုကန်တော့၍ ပူဇော်ကန်တော့ငွေများပေးအပ်ခဲ့သည်။ ထို့နောက် တာဝန်ခံဆရာကြီး ဦးသန်းမောင်က ဆုတောင်းမေတ္တာစကားနှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အဋ္ဌမအကြိမ်မြောက် သာသနပါလနန္ဒဝန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက “မြတ်ဆရာ” သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။

ကျိုက်လတ် (ပြန်/ဆက်)