မအူပင် ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမတွင် ယနေ့နံနက် (၉)နာရီအချိန်က အခြေခံစာတတ်မြောက်ရေးလုပ်ငန်း မြို့နယ်အဆင့်ဆင့် ပွားနည်းပြ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနား၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတိုးတိုးဝင်က အဖွင့်အမှာစကားပြောကြားရာတွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ရည်မှန်းချက်များဖြစ်သည့် နိုင်ငံသားများ၏ လူမှုဘဝမြင့်မားရေး၊ နိုင်ငံ့သားကောင်းအခြေခံအလေ့အကျင့်များ ပိုမိုရရှိလာစေရေး၊ လူငယ်များနှင့် သက်ကြီးစာမတတ်သူဦးရေ လျှော့ချနိုင်ရေးနှင့် လိုအပ်သောအသိပညာနှင့်ကျွမ်းကျင်မှုများ တစ်သက်တာ လေ့လာဆည်းပူးခွင့်ရရှိရေး စသည့်အချက်များအား ရှင်းလင်းပြောကြားသည်။ ၎င်းနောက် ခရိုင်ပညာရေးမှူးဒေါက်တာသန္တာဆွေက သင်တန်းနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များအားရှင်လင်း ပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါအခြေခံစာတတ်မြောက်ရေးလုပ်ငန်းမြို့နယ်အဆင့် ဆင့်ပွားနည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးရုံးမှ ဆရာ/ဆရာမများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားသင်တန်းသူများ စုစုပေါင်း (၂၁၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၂၁.၁၂.၂၀၂၃ မှ ၂၃.၁၂.၂၀၂၃ ထိ) (၃)ရက်တာကာလ ဖြစ်ကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)