ပုသိမ်မြို့တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်း ဖွင့်လှစ်

ပုသိမ် ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ပို့ချခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပုသိမ်ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းဦးက တက်ရောက်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသို့ ပုသိမ်မြို့နယ်အတွင်းရှိ သင်တန်းနည်းပြနှင့် ကြီးကြပ်ဆရာကြီး၊ ဆရာမကြီးများကထပ်ဆင့် သင်ကြားသွားကြမည်ဖြစ်ကာ သင်တန်းသား/သူ(၁၄၇)ဦး တက်ရောက်ကြသည်။ သင်တန်းတွင် နည်းပြဆရာကြီး၊ ဆရာမကြီးများနှင့်  သက်ဆိုင်ရာဘာသာရပ်များအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများက အခြေခံမြန်မာစာ၊ သင်္ချာနှင့်ယာဥ်အန္တရာယ်လျှော့နည်းစေရေး အသိပညာပေးခြင်းများ၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေးနည်းလမ်းများ၊ ကျန်းမာရေးနှင့်ညီညွတ်အောင် နေထိုင်မှုနည်းစနစ်များစသည့် ဗဟုသုတရဖွယ်ပညာရပ်များကို စာတွေ့၊ လက်တွေ့နှင့် ပညာပေးဗီဒီယိုပြသခြင်း အစီအစဥ်များဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကို သုံးရက်ကြာပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြင့်ဟန် (ပြန်/ဆက်)