ပဲခူး ဒီဇင်ဘာ ၂၁
ပဲခူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှုးပြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီက ပဲခူးခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက ကလေးအလုပ်သမားအဓိပ္ပာယ်နှင့် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်တာဝန်များ၊ ကလေးအလုပ်သမား အဖြစ်အဆိုးဝါးဆုံးခိုင်းစေခြင်းတွင် ကလေးသူငယ်များအား ကျွန်ပြုခံရခြင်း၊ လူကုန်ကူးခံရခြင်း၊ စီးပွားရေးအရလိင်မှုဆိုင်ရာ အမြတ်ထုတ်ခံရခြင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရေးရောင်းဝယ်ရေး လုပ်ကိုင်စေခိုင်းခံရခြင်း၊ လက်နက်ကိုင်ပဋိပက္ခ သို့မဟုတ် တရားမဝင်လုပ်ငန်းများတွင် သုံးပြုခံရခြင်းများ ကလေးအလုပ်သမားဖြစ်ရခြင်း အကြောင်းအရာများ၊ ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ရရှိရေးနှင့် ကလေးအလုပ်သမားနှင့် ပတ်သက်သော အကြောင်းအရာများအား အကျယ်တဝင့် ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အ.လ.က (ခွဲ) မြို့တွင်းကြီးကျောင်းမှ ကျောင်းသား ကျောင်းသူ (၃၅) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)