ပြည်မြို့ ခုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံကြီး၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး

ပြည် ဒီဇင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ခုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံကြီး၌  လစဉ် ၂၁ ရက်နေ့တိုင်း‌ ဒေသတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အထွေထွေရောဂါဆိုင်ရာ ဆေးဝါးကုသစစ်ဆေးမှုများနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ၁၃၆ ဦးအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်ကြောင်း ၎င်းဆေးရုံမှ သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ပြည်ခရိုင်ပြည်သူ့‌ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ သီတာစိုးဦးဆောင်သော အရိုးအကြောအထူးကုဆရာဝန်ကြီးများ၊ အထွေထွေရောဂါ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများအဖွဲ့က အဆိုပါအငြိမ်းစားနိုင်ငံ့ဝန်ထမ်း ၁၃၆ ဦးကို သွေးပေါင်ချိန်ပေးခြင်း၊ ‌ဆီးချို သွေးချိုစစ်ဆေးပေးခြင်းအပါအဝင် သက်ဆိုင်ရာကဏ္ဍအလိုက် ဆေးဝါးကုသစစ်ဆေးမှုများနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြသည်။

ယင်းဆောင်ရွက်မှုကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)မှ ဗိုလ်မှူးချုပ်ဆန်းဌေးမောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးကာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား တစ်ဦးလျှင် ကြက်ဥ ၅ လုံးစီ‌ ထောက်ပံ့ပေးအပ်ပြီး  စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်သော ပြည်ခရိုင်ဆန်ကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဆန်တစ်ပြည် ၂၈၀၀ ကျပ်နှုန်းနှင့် စားသုံးဆီ တစ်ပိဿာ ၅၈၀၀ ကျပ်နှုန်းတို့ဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)