ကျောက်တံခါး ဒီဇင်ဘာလ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဗလငါးတန်းပြည့်စုံစေရေးတို့အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က အခြေခံပညာအထက်တန်း(ခွဲ)(ဖြူးစု)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းတင့်က ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ စဥ်းစားတွေးခေါ်မှုမြင့်မားလာစေရေးနှင့် ဗလငါးတန်ပြည့်စုံစေရေးတို့အတွက် လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းစတင်ဆောင်ရွက်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စန်းတင့်က ဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူ (၆)ဦးတို့က လူငယ်နှင့် အချိန်၏ တန်ဖိုး၊ လူငယ်နှင့်ဝါသနာ၊ လူငယ်နှင့် ရွှေရောင်အနာဂတ်ဆီသို့၊ လူငယ်နှင့် မြန်မာ့ယဥ်ကျေးမှု၊ လူငယ်လွတ်လပ်ခြင်းနှင့် ပညာ အစရှိသည့် ခေါင်းစဥ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးကြပြီး အခြေခံပညာအထက်တန်း(ခွဲ)(ဖြူးစု)ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကိုကိုအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲသို့ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၃၀)ဦး တက်ရောက်ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)