ဘီးလင်း ဒီဇင်ဘာ ၂၁
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမတွင် ယမန်နေ့ညနေ ၃ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာပေချစ်သူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာကျော်ကျော်လှိုင် ရေးသားသည့် “ပျော်ရွှင်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် (Book Club) အဖွဲ့ဝင် ဦးမင်းဦးက “အခက်အခဲနှင့် ရင်ဆိုင်ရလျှင်”ခေါင်းစဉ်ဖြင့် လည်းကောင်း ( Youth Club) အဖွဲ့ဝင် ဒေါ်မေသွယ်သွယ်အောင်က “အကောင်းဆုံး ပေးဆပ်ပါ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ (Woman Club) အဖွဲ့ဝင် ဒေါ်ဝင်းမင်းသန်းက “ပျော်ရွှင်မှုနှင့်အခက်အခဲ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် စာပေချစ်သူများက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းဖြင့် လူငယ်၊လူရွယ်များ၊ စာဖတ်သည့် အလေ့အကျင့် ရှိလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့် သူတစ်ပါးအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)