မုံရွာ ဒီဇင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျား/မရေးရာအမြင် ထည့်သွင်းစဉ်းစားမှု (Gender Mainstreaming) အသိပညာပေးသင်တန်းကို ဒီဇင်ဘာလ ၁၉ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်လှိုင်မိုးမြတ်က Gender အခြေခံသဘောတရားများ၊ Socialization လူမှုပုံစံသွင်းယူခြင်း၊ Internalization ကိုယ်ပိုင်ပုံစံမှတ်ယူခြင်း၊ Gender norms ကျား/မရေးရာစံနှုန်း၊ အမျိုးသား/ အမျိုးသမီး (ကျား၊မ) သာတူညီမျှရှိမှုနှင့်တန်းတူညီတူရှိမှု (Gender Equity & Equality)၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (Convention on the Elimination of all forms of Discrimination Against Women, CEDAW)နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ပို့ချဆွေးနွေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး (Case Manager) ဒေါ်ရွှေရည်လင်းက လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်နှင့်ခရိုင်များတွင် Case Manager များ လေ့ကျင့်တာဝန်ပေးအပ်ပြီး ကျား/မအခြေပြု အကြမ်းဖက်မှုတွေ့ကြုံနေသူများအား ဆောင်ရွက်ပေးနေမှုအခြေအနေများကို ပို့ချဆွေးနွေးခဲ့သည်။
ထိုနောက် သင်တန်းသား၊ သင်တန်းသူများက ပို့ချဆွေးနွေးမှုများနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးရာ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်လှိုင်မိုးမြတ်နှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီး မေးမြန်းဆွေးနွေးသူများအား လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့သည်။
အဆိုပါ ကျား/မရေးရာအမြင်ထည့်သွင်းစဉ်းစားမှု (Gender Mainstreaming) အသိပညာပေးသင်တန်းကို ဒီဇင်ဘာလ ၁၉ရက်နေ့မှ ၂၀ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချခဲ့ပြီး ဌာနဆိုင်ရာများမှ သင်တန်းသား/သင်တန်းသူ ၃၉ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြင့်သိန်းစိုး(ပြန်/ဆက်)