မအူပင် ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ (၂) နာရီက စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ဆရာဖေမြင့်ရေးသားထားသည့် အောင်မြင်မှုချမ်းသာသုခနှင့် ဓနဥစ္စာစာအုပ်မှ မိမိကိုယ်ကို စည်းကမ်းသတ်မှတ်ခြင်းခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပြီး စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင် ဆရာကြီးဦးစိုးမှ ဆရာဦးအောင်သင်းရေးသားထားသည့် ရိုးဖြောင့်မှုအရင်းအနှီး စာအုပ်ပါအချက်များအား ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ဆရာကြီးဦးဘိုထွေးမှ မြင်းခြံကျော်အောင် ရေးသားထားသည့် ကျန်းမာချမ်းသာအောင်ဘယ်လိုလုပ်မလည်း စာအုပ်ပါအချက်များကိုလည်းကောင်း၊ ဆရာဦးကျော်ဦးမှ ဆရာဈာန်ရဲရေးသားထားသည့် ခဏတာဧည့်သည်စာအုပ်ပါ အချက်များကိုလည်းကောင်း၊ ဆရာဦးခင်ဇော်ဝင်းမှ မြန်မာရွှေပြည်ကဗျာအားလည်းကောင်း၊ ဆရာမပန်းမြတ်မွှေးမှ ပညာနှင့်အချိန်ကို အသုံးချခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များအား အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းသို့ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ၊ အမျိုးသမီးများအသင်း (Woman Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး ပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)