ရေတာရှည်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့် ရှောက်ပေးမှုများဆောင်ရွက်

ရေတာရှည် ဒီဇင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာငွေများကို လစဉ် (၂၁) ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် (၆) နာရီမှစတင်၍ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး လျက်ရှိသည်။

ရေတာရှည်မြို့နယ်အတွင်း၌ ပင်စင်လစာထုတ်ယူသူအငြိမ်းစားဝန်ထမ်း (၂၈၀၀) ဦးခန့်ရှိရာ ယနေ့နိုင်ငံဝန်ထမ်းပင်စင်စား (၃၅၀) ကျော်အား ဘဏ်လုပ်ငန်းရုံးချိန်အတွင်း ထုတ်ပေးလျက်ရှိရာ ပင်စင်လစာထုတ်ပေးရာတွင် လွယ်ကူလျင်မြန်စွာထုတ်ယူနိုင်ရေးနှင့် လုပ်ငန်းတွင်ကျယ်မှုရှိစေရန်လစဉ်ပုံမှန် (၂၁) ရက် နေ့မှစတင်ပြီးနံနက်(၆)နာရီအချိန်မှစ၍ ထုတ်ပေးလျက်ရှိသည်။ကိုယ်တိုင်လာ ရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်းနှင့် ပင်စင်စားများအား တစ်ပတ်တိတိထုတ်ပေးသွားမှာဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။

အဆိုပါနိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးဌာနမှ "လူတိုင်းအသက်ရှည် ကျန်းမာဖို့၊ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့" ဆောင်ပုဒ်နှင့်အညီ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာနန္ဒာညီဆွေဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် အတူအငြိမ်းစားဝန်ထမ်းများအား သွေးချိုဆီးချိုစစ်ဆေးခြင်း၊ ကိုယ်အလေးချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ပေးခြင်းတို့ကိုဆောင်ရွက်၍ ကျန်းမာရေးစစ်ဆေးပေးပြီး လိုအပ်သောဆေးဝါးနှင့်ကုသပေးခြင်းများကို အခမဲ့စောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ရေတာရှည် (ပြန်/ဆက်)