နတ်တလင်း ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးတင်ဦးမှ ဦးဆောင်၍ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ မြို့မရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမဆောင်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ MSMEs ဒေသထုတ်ကုန်စည်ပြပွဲနှင့် Talk Show စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့၊ နံနက် ၉ နာရီခွဲကပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးမှ ဦးဆောင်ဆွေးနွေသူအဖြစ်ပါဝင်၍၊ ပဲခူးတိုင်းအသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွန်း၊ ပဲခူးတိုင်းစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိန်လွင်၊ ပဲခူးတိုင်းစားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇေယျာရွှေ၊ ပဲခူးတိုင်းသမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်လတ်၊ ပဲခူးတိုင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မိုးဝေ၊ ပဲခူးတိုင်းဘဏ်မန်နေဂျာ ဒေါ်ပပကျော်၊ နတ်တလင်းမြို့ ယောင်္ကျားကြီးငါပိလုပ်ငန်းရှင် ဦးကျော်လင်းတို့မှ ပါဝင်ဆွေးခဲ့ကြသည်။
ထို့နောက် MSMEs ဒေသထုတ်ကုန်စည်ပြပွဲနှင့် Talk Show စကားဝိုင်းဆွေးနွေးပွဲအား စတင်ကျင်းပရာ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက စကားဝိုင်းတွင်ပါဝင်ဆွေးနွေးမည့် တာဝန်ရှိသူများအား မိတ်ဆက်ပေးပြီး ဦးဆောင်ဆွေးနွေးပြောကြားရာ သွင်းကုန်အစားထိုး ပို့ကုန်ထုတ်လုပ်နိုင်သည်ထိ လုပ်ငန်းရှင်များဆောင်ရွက်ကြရန်နှင့် စျေးကွက်များပေါ်ပေါက်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်းဆွေးနွေးပြီး ပါဝင်ဆွေးနွေးသည့် တိုင်းအဆင့်တာဝန်ရှိသူများက မိမိတို့၏ ဌာန၏ လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ လုပ်ငန်းများနှင့် ပတ်သက်ဆက်နွယ်သည့် လုပ်ငန်းများအား အကျယ်တဝင့် ဆွေးနွေးခဲ့ကြပြီး၊ ယောင်္ကျားကြီးငါးပိလုပ်ငန်းရှင် ဦးကျော်လင်းမှ ငါးပိလုပ်ဆောင်မှုအဆင့်ဆင့်၊ သိုလှောင်ထားရှိမှု၊ ကုန်ကြမ်းစုဆောင်းရရှိမှုနှင့် ဖြန့်ဖြူးရောင်းချသည့် စျေးကွက်အခြေအနေတို့အား ဆွေးနွေးခဲ့ကာ တက်ရောက်လာသည့် လုပ်ငန်းရှင်များမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူ ဝန်ကြီး ဦးတင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ မေးမြန်းဆွေးနွေးချက်များအပေါ် ပြန်လည်ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ MSMEs ဒေသထုတ်ကုန်စည်ပြပွဲနှင့် Talk Show စကားဝိုင်းဆွေးနွေးပွဲသို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးနေဇော်ကိုကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ စုစုပေါင်း(၁၀၀)ဦး ခန့်တက်ရောက်ခဲ့ကြပြီး ခင်ကျင်းပြသထားသော အသေးစားစက်မှုလက်မှုလုပ်ငန်းသုံးပစ္စည်းများအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)