၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်

ပုသိမ် ဒီဇင်ဘာ ၂၁

 ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပြီး ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့သည်။

ဦးစွာ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)မှ ကျောင်းသား၊ ကျောင်းသူများက “ဧရာဝတီရဲ့ နှလုံးသား” သီချင်းဖြင့် အခမ်းအနားအား သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီးနောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားရာ "၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၏ ယနေ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲခမ်းအနားသည် မင်္ဂလာရှိသော နေ့တစ်နေ့ဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာတစ်ဝန်းတွင် နိုင်ငံအသီးသီးသည် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်း (Digital Transformation)အစီအစဉ်များအား ဦးစားပေး၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နယ်ပယ်အသီးသီးတွင် Digital Economy ၊ Digital Government ၊ Digital Infrastructure နှင့် Digital Community အစရှိသည့် ဒစ်ဂျစ်တယ်အသွင်သို့ ကူးပြောင်း ဆောင်ရွက်ခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာတန်ဖိုးကွင်းဆက် (The Global Value Chain)သို့ ချိတ်ဆက်လာနိုင်ကြပြီး တန်ဖိုးမြင့်မားသော အကျိုးရလဒ်များကို ရရှိခဲ့ကြသည်ကို တွေ့မြင် ကြရမည်ဖြစ်ပါကြောင်း၊ အဆင့်မြင့်ပညာများကို လေ့လာသင်ယူကြမည့် ကျောင်းသား၊ ကျောင်းသူများသည် ကိုယ်ပိုင်အတွေးအခေါ်များ၊ လေ့လာတီထွင်မှုများဖြင့် သင်ယူကြရမှာဖြစ်ပါကြောင်း၊ တက္ကသိုလ်ကြီးမှ ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာများတွင် ကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးပြီး တက္ကသိုလ်ဂုဏ်၊ တိုင်းဒေသကြီးဂုဏ်နှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့်သူများ ဖြစ်လာစေရန်လည်း မျှော်မှန်းပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုသည် ထိုနိုင်ငံတွင်ရှိသော အသိပညာ၊ အတတ်ပညာရှင်များပေါ်တွင် မူတည်သည့်အတွက် အနာဂတ်တွင် နိုင်ငံတော်ကအားထားရသော အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ကြိုးစားကြရန်လိုပါကြောင်း၊ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)အနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်က အားထားရသော ICT ဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန် မှာကြားလိုပါကြောင်း၊ ကျောင်းသူ၊ ကျောင်းသားအားလုံး ဧရာဝတီတိုင်းဒေသကြီး၏ ဖွံဖြိုးတိုးတက်မှုမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ကျရာကဏ္ဍမှ အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေဖြင့် ပါဝင်ထမ်းဆောင်နိုင်သော အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ကြိုးစားကြရန်လိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)အတွက် ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ရာ ဒုတိယပါမောက္ခချုပ်က လက်ခံရယူခဲ့သည်။

ထို့နောက် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)ဒုတိယပါမောက္ခချုပ်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)မှ ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)