ပုသိမ် ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ကော်မတီနာယက၊ တိုင်းဒေသကြီးဝန်ကြီး ချုပ်က “တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာကော်မတီအနေဖြင့် လုပ်ငန်းကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်မှု၊ တွေ့ကြုံရသည့်အခက်အခဲ၊ အားနည်းချက်၊ အားသာချက်များအား သုံးသပ်အကြံပြု ဆွေးနွေးတင်ပြကြရန်ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီများအနေဖြင့် မိမိတို့၏လုပ်ငန်း တာဝန်များကို ပီပီပြင်ပြင်အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် ကလေးအလုပ်သမားပပျောက်ရေးအတွက် မည်သည့်အတိုင်းအတာအထိ ဆောင်ရွက်နိုင်သည်ကို တင်ပြကြရန်ဖြစ်ကြောင်း၊ ကလေးများအား အထူးသဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများအား လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာတားဆီး ကာကွယ်ရမည်ဖြစ်ပြီး အသိပညာပေး လုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ဥပဒေအရ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးရမှာဖြစ်ကြောင်း၊ အန္တရာယ်ရှိသော အလုပ်နှင့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေသည့် ကလေးအလုပ်သမားများအားဖယ်ရှားပြီး ပညာရေးနှင့် သက်မွေး ဝမ်းကျောင်းပညာအခွင့်အလမ်းများ ဖန်တီးပေးကာ မိသားစုများအတွက် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိ အောင် စီမံဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ကလေးအလုပ်သမားများအား ကာကွယ်နိုင်ရေးအတွက် နည်းလမ်းများ အကြံပြု တင်ပြနိုင်ရန် ကော်မတီများအလိုက် ဆွေးနွေးပေးကြစေလိုကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအားလည်းကောင်း၊ ကော်မတီအတွင်းရေးမှူးက ကလေးအလုပ်သမားဆိုင်ရာ အခြေခံဗဟုသုတပြန့်ပွားရေးအတွက် အသိပညာနှင့် ဗဟုသုတတိုးမြှင့်ပေးခြင်း၊ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဥပဒေများပြင်ဆင်ရေးဆွဲခြင်း၊ ကလေးအလုပ်သမားပြဿနာအပေါ် ဖြေရှင်းနိုင်ရန် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ တာဝန်ဝတ္တရားများသတ်မှတ်ခြင်း၊ အကောင် အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းချမှတ်၍ တိုးတက်မှုကို အကဲဖြတ်ခြင်းဖြင့် ရေရှည်တွင် ကလေးအလုပ်သမား လျော့နည်းပပျောက်စေရေးကိစ္စရပ်များနှင့် တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ(၈)ရပ်က လုပ်ငန်းဆောင်ရွက်မှု၊ တွေ့ကြုံရသည့် အခက်အခဲ၊ အားနည်းချက်၊ အားသာချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသည့် တိုင်းဒေသကြီးကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီများအလိုက် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီးကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာကော်မတီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)