ငါးသိုင်းချောင်း ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နေ့လယ် (၁)နာရီအချိန်က စာရေးဆရာမ ခင်စောတင့် ရေးသားသည့် “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးဒေါ်ဇင်မီမီဝင်းက စာဖတ်ဝိုင်းများ ကျင်းပရခြင်းရည်ရွယ်ချက်နှင့် စာဖတ်ခြင်းဖြင့် ရရှိလာသော အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။ စာရေးဆရာလွှမ်းမျိုးဦး(စကားဝါ)မြေမှ စာဖတ်ဝိုင်းများမှ ရရှိသည့် ဗဟုသုတအနှစ်သာရများအကြောင်း ဆွေးနွေးခဲ့ပြီး (Youth Clubs) အဖွဲ့ဝင် မောင်ဟိန်းမင်းခန့်မှ မျှော်လင့်ချက်ခေါင်းစဥ်ဖြင့် စတင်ဆွေးနွေးခဲ့၍ တက်ရောက်လာသည့် စာပေဝါသနာရှင်များက စာအုပ်တွင် ပါဝင်သည့် ခေါင်းစဥ်အသီးသီးဖြင့် မိမိတို့၏အတွေးအမြင်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်မားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲအစီအစဉ်ကို ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)