ပေါက်ခေါင်း ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏လမ်းညွှန်မှု၊ ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာန၏ဦးဆောင်မှုတို့ဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို ကျန်းမာရေးဦးစီးဌာနက လစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပေါင်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံသံဃာဆောင်၌ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်မျိုးမြတ်ဦးဆောင်ပြီး တိုက်နယ်ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ လူနာ ECG စက်ဖြင့်နှလုံးခုန်နှုန်းစစ်ဆေးပေးခြင်းနှင့် ရောဂါရှာဖွေခြင်းအထွေထွေရောဂါများ စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ရောဂါတွေ့ရှိမှုအပေါ် ဆေးဝါးများကို တစ်လစာအခမဲ့ပေးခဲ့သည်။
အဆိုပါအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခြင်းလုပ်ငန်းများကို လစဉ်ပင်စင်ထုတ်ပေးသည့်ရက်များ၌ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၅၃) ဦးကို ဆေးကုသမှုဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ကုသိုလ်ယူကူညီအား ဖြည့်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)