သဲကုန်း ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် ၉ နာရီအချိန်က အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်ပင်စင်ထုတ်ယူသည့် (၂၁)ရက်နေ့တိုင်း ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာ ဦးစိုးမင်းထွေး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းများအား ဆီးချို သွေးချိုတိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ဖြစ်ပွားနေသည့် ရောဂါများအလိုက် စမ်းသပ်စစ်ဆေးပေးပြီး လိုအပ်သော ဆေးဝါးနှင့် ကုသခြင်းများကို (အခမဲ့)စစ်ဆေးဆောင်ရွက် ကုသပေးခဲ့သည်။
သဲကုန်းမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ ကျန်းမာရေးတိုးတက် ကောင်းမွန်စေရေး၊ ရောဂါများဖြစ်ပွားနေပါက စောလျင်စွာ ကုသခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများမဖြစ်ပေါ်စေရေး၊ ဆောင်ရန်/ရှောင်ရန်များအား သေချာစွာ သိရှိနားလည်ပြီး သက်တမ်းစေ့ နေထိုင်သွားနိုင်စေရေးတို့အတွက် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်လတိုင်း (၂၁)ရက်နေ့တွင် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဆေးရုံမှ သိရှိရသည်။
အဆိုပါကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေး၊ အဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ လာရောက် အားပေးကူညီခဲ့ကြကြောင်း သိရသည်။
ကိုကျော်(ပြန်/ ဆက်)