မုံရွာ ဒီဇင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲအား ပထမဆုံးရွှေ့ကွက်ဖြင့် ဖွင့်လှစ်ပေးပြီး စစ်တုရင်ယှဉ်ပြိုင်နေမှုများအား လိုက်လံကြည့်ရှုအားပေးကာ ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသား ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် လူမှုရေးရာဝန်ကြီးဌာန-၂အသင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကြရာ လူမှုရေးရာဝန်ကြီးဌာန-၂ အသင်းမှ မြန်မာနိုင်ငံ ရဲတပ်အဖွဲ့ အသင်းအား ၂ ပွဲပြတ်ဖြင့် အနိုင်ရရှိသွားသည်။
ထို့နောက် ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကိုကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက အမျိုးသမီးစစ်တုရင်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန အသင်းအားလည်းကောင်း၊ တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်လှလှဝင်းက အမျိုးသား စစ်တုရင်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် စီးပွားရေးရာ၊ တိုင်းရင်းသားရေးရာ၊ ဥပဒေအသင်းအားလည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲတွင် ဒုတိယဆုရရှိကြသည့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနအသင်းနှင့် စီးပွားရေးရာ၊ တိုင်းရင်းသားရေး ရာ၊ဥပဒေအသင်းတို့အား ဆုတံဆိပ်များနှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက အမျိုးသား/ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲတွင် တတိယဆုရရှိကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနအသင်းတို့အားလည်းကောင်း၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက် ပြိုင်ပွဲတွင် ဒုတိယဆုရရှိကြသည့် သယံဇာတရေးရာဝန်ကြီးဌာနအသင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အသင်းတို့အား ဆုတံဆိပ်များနှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲတွင် ပထမဆုရရှိကြသည့် သယံဇာတရေးရာဝန်ကြီးဌာန အသင်းနှင့် စည်ပင်သာယာရေးအဖွဲ့အသင်းတို့အားလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ပထမဆုရရှိကြသည့် စည်ပင်သာယာရေးအဖွဲ့အသင်းနှင့် လူမှုရေးရာဝန်ကြီးဌာန အသင်းတို့အား ဆုတံဆိပ်များနှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်ကြပြီး ဆုရအားကစားသမားများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ဆုချီးမြှင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)