ကျွန်းလှ ဒီဇင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ချောင်းရေတင် စိုက်ပျိုးသော ဒေသထွက် ပန်းမုံလာများ ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ပန်းမုံလာကို ချောင်းရေတင်ပြီး နှစ်စဉ်စိုက်ပျိုးပါတယ်။ ဒီနှစ် အပင် ၃၀၀၀၀ စိုက်ပျိုးရာမှာ ငွေကျပ် ၃၅၀၀၀၀ ခန့်ကုန်ကျပါတယ်။ အရင်နှစ်က ပန်းမုံလာတစ်ပွင့် ငွေကျပ် ၉၀၀၊ ၁၀၀၀ ရောင်းခဲ့ရသော်လည်း ဒီနှစ် အပွင့်သေးရင် ငွေကျပ် ၁၂၀၀၊ ကြီးရင် ငွေကျပ် ၁၄၀၀ ဈေးရောင်းရပါတယ်။ နောက်ထပ် အပင် ၄၀၀၀ ကျော် ထပ်မံတိုးချဲ့စိုက်ပျိုးထားပါတယ်” ဟု ပန်းမုံလာစိုက်ပျိုးသူ ဒေါ်မြင့်က ပြောသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင် သီးနှံနှင့် အခြားသီးနှံမျိုးစုံ စိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ