စစ်ကိုင်း ဒီဇင်ဘာ ၂၁
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် (၈)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
“ကျွန်မတို့စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ ပြည်သူတွေ စားသုံးသူကာကွယ်ရေးအတွက် အသိပညာဗဟုသုတတွေ ရရှိအောင် ဆွေးနွေးပေးတာပါ။ စစ်ကိုင်းခရိုင် ပြန်/ဆက်ရုံးမှာ အခမ်းအနားမှူး သင်တန်းဖွင့်လှစ်နေပြီဖြစ်တာနဲ့ သင်တန်းသား/ သင်တန်းသူများကလည်း ဌာနပေါင်းစုံကဆိုတော့ စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာတွေ လာရောက်ဆွေးနွေးပေးတာပါ။ အဓိကတော့ စားသုံးသူကာကွယ်ရေးဆိုသည်မှာ အဘယ်နည်း၊ စားသုံးသူအခွင့်အရေး (၈)ချက်၊ စားသုံးသူများ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ကုန်စည်များ၊ ဝန်ဆောင်မှုများ၊ တားမြစ်ချက်များ၊ တိုင်ကြားခြင်း စသည့် အကြောင်းအရာတွေ သိရှိနိုင်အောင် ဆွေးနွေးပေးခြင်း ဖြစ်ပါတယ်”ဟု ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
စစ်ကိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများ စားသုံးသူကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ဈေးများ၊ စာသင်ကျောင်းများ၊ ရပ်ကွက်/ ကျေးရွာများသို့ ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်