မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ခရိုင်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘတ်စကတ်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

မကွေး ဒီဇင်ဘာ ၂၁

၂၀၂၃ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ခရိုင်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘတ်စကတ်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မကွေးတိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နည်းပြများနှင့် အားကစားသမားများ၊  ဖိတ်ကြားထားသူများ တက်ရောက်သည်။

ရှေးဦးစွာ အမျိုးသမီးဗိုလ်လုပွဲအဖြစ် မင်းဘူးခရိုင် ကိုယ်စားပြု အသင်းနှင့် ချောက်ခရိုင် ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မင်းဘူးခရိုင် ကိုယ်စားပြုအသင်းကလည်းကောင်း၊ အမျိုးသားဗိုလ်လုပွဲအဖြစ် မကွေးခရိုင် ကိုယ်စားပြုအသင်းနှင့် မင်းဘူးခရိုင် ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မကွေးခရိုင် ကိုယ်စားပြုအသင်းကလည်းကောင်း အသီးသီး အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက အမျိုးသား၊ အမျိုးသမီးအကောင်းဆုံး အားကစားသမားဆု၊ အမျိုးသမီး ဘတ်စကတ်ဘောပြိုင်ပွဲ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အမျိုးသားဘတ်စကတ်ဘောပြိုင်ပွဲ ဒုတိယဆုနှင့် တတိယရရှိသူများအတွက် ဆုကလပ်၊ တစ်ဦးချင်းဆွဲပြားနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီး ပေးအပ်ခဲ့ကြသည်။

ယင်းနောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမျိုးသား ဘတ်စကတ်ဘောပြိုင်ပွဲ ပထမဆုရရှိသည့် မကွေးခရိုင်ကိုယ်စားပြုအသင်းအား တစ်ဦးချင်းဆွဲပြား၊ ဆုကလပ်နှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ခဲ့ပြီး အဆိုပါပြိုင်ပွဲကို မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေး၊ မင်းဘူး၊ ချောက်၊ သရက်၊ အောင်လံ စသည့် ခရိုင်များမှ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြိုင်ပွဲဝင်များက ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ ပတ်လည်ကစား၍ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)