မော်လမြိုင် ဒီဇင်ဘာ ၂၀
မွန်ပြည်နယ်ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ အမှတ်စဉ်(၂/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်းသို့ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချနိုင်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြထားရှိသည့် လုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် စက်သုံးဆီများကို ပြည်ပမှ မှာယူနိုင်မည့်အခြေအနေ၊ သိုလှောင်ထားရှိနိုင်မည့်အခြေအနေ၊ ဖြန့်ဖြူးရောင်းချပေးနိုင်မည့် အခြေအနေများကို တွေ့ဆုံဆွေးနွေးနိုင်ရန်နှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနိုင်ရန် အစည်းအဝေးကိုကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူး ရောင်းချမည့်လုပ်ငန်းရှင်များအနေဖြင့် ကြိုတင်စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကိုတင်ပြပြီး မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဒေသတွင်းစက်သုံးဆီ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာဖြင့်လုပ်ကိုင်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်(၁၆၄)ဆိုင်အတွက် စက်သုံးဆီ(၁)လ လိုအပ်ချက်ခန့်မှန်း ၂၉,၇၂၀ မက်ထရစ်တန်နှင့် ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ အအေးခန်းစက်ရုံများ၊ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများအတွက် (၁)လလိုအပ်ချက်ခန့်မှန်း ၂,၃၂၀ မက်ထရစ်တန်ဖြစ်တဲ့အတွက် စုစုပေါင်း စက်သုံးဆီလိုအပ်ချက် ၃၂,၀၃၈ မတ်ထရစ်တန်ဖြစ်ပါကြောင်း၊ အခြားသောစက်မှုဇုံများ၊ ရာဘာစက်ရုံများအပါအဝင် အခြားလုပ်ငန်းများအတွက်ပါ ဖြန့်ဖြူးရောင်းချပေးနိုင်ရန် ပြည်ပမှတင်သွင်းရောင်းချမည့် စက်သုံးဆီပမာဏကို ၃၃,၀၀၀ မက်ထရစ်တန်တင်သွင်းဖြန့်ဖြူးနိုင်ရန် ခန့်မှန်းတွက်ချက်ထားရှိကြောင်း၊ ယခုလိုတင်သွင်းမည့် စက်သုံးဆီလိုအပ်ချက်ကို တင်သွင်းသိုလှောင်ဖြန့်ဖြူးနိုင်ဖို့အတွက် သက်ဆိုင်ရာကုမ္ပဏီများနှင့်စက်သုံးဆီမှာယူနိုင်ရေး ကြိုတင်ညှိနှိုင်းထားရှိမှုအခြေအနေ၊ စက်သုံးဆီများရောက်ရှိလာပါက သိုလှောင်ထားရှိနိုင်မှုအခြေအနေနှင့် ဖြန့်ဖြူးရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများ၊ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချနိုင်ရေး တင်ပြထားရှိသည့် ကုမ္ပဏီ/လုပ်ငန်းရှင်များမှ ဆွေးနွေးပေးကြရန် ပြောကြားသည်။
ထို့နောက် ပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ် စစ်ဆေးရေးအရာရှိ ဦးသန်းထွေးက မွန်ပြည်နယ်အတွင်း တရားဝင်ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်တို့တွင် စက်သုံးဆီဆိုင်များ၏ နေ့အလိုက်ဆီခွဲတမ်းရရှိမှု၊ ရောင်းချနေမှုများ၊ ဆီကန်များ၌ ဆီသိုလှောင်ထားရှိမှု၊ မြေပြင်၌ စက်သုံးဆီလက်ကျန်ထားရှိမှုအခြေအနေများ၊ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာသော လုပ်ငန်းရှင်ကုမ္ပဏီများက လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး မွန်ပြည်နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ အကြုံပြုဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာအစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)